Friday, May 16, 2014

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော်


The Voice Weekly


ဟင်္သာတ၊ မေ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့် ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဇလွန်မြို့ အဒါလမ်းတွင် စုရပ်လုပ်ခဲ့ပြီး ဒူးယားလမ်း၊ ဆန်တန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇလွန်ပြည်တော်ပြန် ဘုရားကြီး လမ်းထောင့်အထိ စီးတန်း လမ်းလျှောက်ကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး တို့အရေး၊ ပြည်ထောင်စုသား ဒီမိုကရေစီအရေး ၅၉ (စ) ထောက်ခံပေးရေး တို့အရေး၊ အမျိုးဘာသာ သာသနာ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့် အညီ ဆောင်ရွက်စို့ ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးချိုမြင့်ခိုင်က ရှင်းပြသည်။

လေးမျက်နှာ မြို့နယ်တွင် မေလ ၃ ရက်နေ့ နံနက် ၉ နာရီကလည်း လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဦးဆောင်ကာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် လူဦးရေ တစ်ထောင်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မြို့နယ်ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီးတို့က ပြောဆိုထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေံခံဥပဒေ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်းမြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ပြောဆိုသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ဧရာဝတီတိုင်းဒေသကြီး၌သာမက မြန်မာနိုင်ငံ ဒေသအနှံ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လျက်ရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန့်ကျင်ဘက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင် ဦးဝိုင်းမောင်စိုးက သုံးသပ် ပြောဆိုသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)