Thursday, May 8, 2014

အကောင်းဆုံးရွေးချယ်မှု


Author: အရှင်စန္ဒိမာ(မွန်စိန်တောရ)
7DAY DAILY

၁၉၉၀ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိခဲ့တယ်။ ပြည်သူ့ဆန္ဒ အမှန်ကိုလည်း ပြသခွင့်ရခဲ့တယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒ နင်းခြေ ဖျက်ဆီး ခံခဲ့ရတယ်။ အကျိုးဆက်က ကျောင်းသားများ၊ ရဟန်းသံဃာများ အပါအဝင် ပြည်သူပေါင်း များစွာရဲ့အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ ရပြန်တယ်။ မှားယွင်းတဲ့မဆလ စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံတကာအလယ်မှာ နောက်ကျခဲ့ပြီးသား မြန်မာနိုင်ငံဟာနဝတ၊ နအဖစစ်အာဏာရှင် စနစ်အောက်မှာ အနှစ် ၂၀ ကျော် ထပ်မံနောက်ကျ သွားခဲ့ပြန်တယ်။

   အခုကျတော့ ပိုဆိုးသွား တယ်။ တိုင်းရင်းသားပြည်သူလူ ထုတစ်ရပ်လုံး  စစ်အာဏာရှင် စနစ်ကို  သက်ဆိုးရှည်စေမယ့်၂၀၀၈ အခြေခံဥပဒေဆိုတဲ့ အကျယ်ချုပ်ထဲအထည့်ခံလိုက်ရတယ်။

တရားမျှတမှုမရှိတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာလုပ်ခဲ့ တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလည်း မဲမသမာမှုတွေနဲ့ပြည့်နှက်ခဲ့ တယ်။သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲသာဆိုရင် ၉၀ ရွေးကောက်ပွဲမှာတစညပါတီခွက်ခွက်လန်ရှုံးခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရှုံးဦးမှာကို သူတို့ကိုယ်တိုင်လည်းသိခဲ့၊ လူတိုင်းလည်း သိခဲ့ကြတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ များနဲ့ NDF စတဲ့ဒီမိုကရေစီနိုင်ငံ ရေးပါတီများဟာ လွှတ်တော် တွင်းမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့် ချက်နဲ့ အပုပ်နံ့ထွက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ပေးသမျှရခဲ့တဲ့   အမတ်ဦးရေအနည်း ငယ်လောက်နဲ့ တင်းတိမ်ရောင့်ရဲကာ လွှတ်တော်တက်ခဲ့တယ်။

NLD ပါတီကလည်း အလား တူမျှော်လင့်ချက်နဲ့ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲကိုဝင်ပြိုင်ကာ လွှတ်တော်တက်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်သလိုမဖြစ်နိုင်တော့ဘူး ဆိုတာ အခုတော့ ပေါ်လွင်သထက်ပေါ်လွင်လာပါပြီ။

 ပြည်သူလူထုက ၂၀၁၅ မှာ  ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်  မြင်လိုကြတယ်။ ဦးသိန်းစိန်ကို သဘောကျသူတွေ လည်းရှိမှာပါ။ သူရဦးရွှေမန်းကို ကြိုက်သူတွေလည်းရှိမယ်။ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြိုက်သူတွေလည်းရှိချင်ရှိမယ်။ ကိစ္စမရှိပါ။ နိုင်ငံသားတိုင်း မည်သူမဆိုဝင်ပြိုင်ခွင့်ရှိရပါမယ်။ ဒီမိုကရေစီနည်းအရ သတ္တိရှိရှိယှဉ် ပြိုင်ရဲဖို့လိုတယ်။  နဂိုကတည်းက အမျိုးသမီးတစ်ယောက်ကို ကြောက်လို့  အာဏာနဲ့ဖန်တီး ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အကာကွယ်ယူပြီး သမ္မတလုပ်ဖို့ ကြိုးစားရင်တော့ ယောက်ျားမပီ သရာရောက်လိမ့်မယ်။

  မြန်မာဗိုလ်ချုပ်ကြီးများ အမေရိကန်သမ္မတဗိုလ်ချုပ်ကြီး ဟောင်းအိုက်ဆင်ဟောင်ဝါကို အမှတ်ရကြပါ။ ဖိလစ်ပိုင်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်းဖီဒယ်ရာမို့စ် ကိုအတုယူကြပါ။ အင်ဒိုနီးရှား သမ္မတဗိုလ်ချုပ်ကြီးဟောင်းစူဆီ လိုဘန်ဘန်းယူဒိုယိုနိုကိုအားကျ ကြပါ။ မြန်မာဗိုလ်ချုပ်ကြီးများ အနေနဲ့ မိမိတို့ရဲ့သမိုင်းကို ပြန်ပြင်ရေးဖို့ အချိန်မနှောင်းသေးပါဘူး။

 တိုင်းရင်းသားများလိုလား တာကတော့  ဖက်ဒရယ်ပြည် ထောင်စုစနစ်ဆိုတာ လူတိုင်းသိ ထားကြပါတယ်။ ၆၂ ခုနစ်ကစခဲ့ တဲ့ စစ်အစိုးရခေတ်တစ်လျှောက် လုံး ဝါဒဖြန့်ခဲ့မှုကြောင့် ဖက်ဒရယ် လို့ကြားလိုက်ရင် လူတွေလန့်ဖျပ် သွားတတ်ကြတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချထာတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ထိုမှတစ်ဆင့်မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေကို လုပ်ပိုင်ခွင့်အာဏာပိုမိုခွဲဝေပေးတဲ့စနစ်တစ်ခုသာဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်က အထက် ညွှန်ကြားချက်ကိုစောင့်ရတဲ့ လုပ် ငန်းကြန့်ကြာမှုတွေကို ရှောင်ရှား နိုင်မယ်။ ဘော်လီဘောပုတ်တာ တွေနည်းလာမယ်။ လူထုကသူတို့ ကြိုက်တဲ့ခေါင်းဆောင်ကို လွတ် လွတ်လပ်လပ်ရွေးချယ်နိုင်လာ မယ်။ တိုင်းရင်းသားတွေကိုလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးနိုင်တယ်။  အခွင့်အရေးတန်းတူ ရလာစေနိုင်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုငွေပေး လာဘ်ထိုးပြီး ရာထူးရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပပျောက် သွားမယ်။ စေတနာမမှန်ရင် အရည်အချင်းမရှိရင် ဖြုတ်ချခံရမှာမို့ အုပ်ချုပ်ရေးမှူးတွေဟာ ပိုပြီးအစွမ်းအစပြရတော့မယ်။ အထက်အဆင့် အရာရှိတွေကို ပူဇော်ပသပြီး ရာထူးမြဲအောင်လုပ်။  ရာထူးရပါကလူထုကိုပြန်ပြီး လည်ပင်းညှစ်တဲ့စနစ်ကိုချုပ် ငြိမ်းစေမယ်။

အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံး နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ အားလုံး၊ ဒီမိုကရေစီနိုင်ငံရေးပါ တီအားလုံးနဲ့ ဒီမိုကရေစီအင်အား စုအားလုံး၊ ၈၈ မျိုးဆက်ဦးဆောင် တဲ့ ကျောင်းသားအင်အားစုအား လုံး၊ ရဟန်းရှင်လူတိုင်းရင်းသား ပြည်သူအားလုံး၊ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို လိုလားတဲ့ တပ်မတော်သားအားလုံးကျစ်လျစ်ခိုင် မာတဲ့  စုစည်းမှုအားကိုရယူကာ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ်မူစံနှုန်းနဲ့ ဒီမိုကရေစီစံနှုန်း ပြည့်မီအောင် ပြင်ဆင်ပြောင်းလဲ နိုင်ရန် လက်တွဲညီညီကြိုးစား အားထုတ်ကြဖို့အချိန်ရောက်နေပါပြီ။

၈၈ အရေးတော်ပုံကာလက တပ်မတော်လေတပ်၊ ရေတပ်စတဲ့အစိုးရဝန်ထမ်းအဖွဲ့အစည်း ပေါင်းစုံ အရေးတော်ပုံအတွင်း ဝင်ရောက်ပူးပေါင်းခဲ့တာကို ပြန်လည်အမှတ်ရသင့်ပါတယ်။

 အထူးသဖြင့် လောလော လတ်လတ်ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈

အခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့ ၈၈ မျိုးဆက်လူထုလှုပ်ရှားမှုပူးပေါင်းကော်မတီမှာ တိုင်းရင်းသားအင်အားစုများနဲ့ အခြားဒီမိုကရေစီအင်အားစုများ ဝင်ရောက်အားဖြည့်သင့်တယ်။

၈၈အရေးတော်ပုံကာလက ပြည်တွင်းအင်အားစုများရဲ့ လှုပ် ရှားမှုမှာ တိုင်းရင်းသားအင်အားစု များရဲ့ အားဖြည့်ပံ့ပိုးမှုနဲ့ ပူးပေါင်း ပါဝင်မှုမရှိခဲ့တာကို  သင်ခန်းစာ ယူသင့်တယ်။ နှစ်ကြိမ်မြောက်အမှားမဖြစ်သင့်တော့ပါ။

မြန်မာနိုင်ငံဒီမိုကရေစီထွန်း ကားရေးနဲ့   ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်အတွက် အခု အချိန်မှာ တိုင်းရင်းသားအင်အားစုများနဲ့ ဒီမိုကရေစီအင်အားစုများ အကြား ညီညွတ်မှုအားကိုတည် ဆောက်ခြင်းဟာ အကောင်းဆုံး ရွေးချယ်မှုအဖြစ်ရှုမြင်ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)