Thursday, October 2, 2014

အပစ်ရပ်လက်မှတ်မထိုးရင် ရွေးကောက်ပွဲမသေချာဟု သမ္မတပြောစကားအပေါ် အမြင်များ

 

1 October 2014
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်မထိုးနိုင်ရင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ မရေရာ မသေချာဘူးလို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အောက်တိုဘာရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
“တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလိုတယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစိုးရဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု မရှိလို့ အပစ်ရပ်လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာလို့ ပြောပါတယ်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
“အစိုးရတင်ပြချက်ကို ကျနော်တို့ ငြင်းဆန်ပြီးတော့မှ တစ်ဆို့နေတာ တခုမှ မရှိပါဘူး။ ကျနော်တို့ တင်ပြချက်ကို အစိုးရက ငြင်းဆန်တဲ့အပေါ်မှာပဲ တစ်ဆို့မှု ဖြစ်နေတာပါ။ အဲဒါကို ဖြေရှင်းဖို့ အစိုးရဘက်က ဆန္ဒသဘောထားအပေါ်မှာ အများကြီး မူတည်ပါတယ်၊ ဒါက နံပါတ် ၁ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ကျနော်တို့ ဧပြီလမှာ သဘောတူထားပြီးသားဖြစ်တဲ့ လုံခြုံရေးဆိုင် ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စကို နိုင် ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာအဖြစ်နဲ့ ကျနော်တို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒါကို အခုစက်တင်ဘာမှာ နိုင်ငံရေးဆွေးနွေးမှု လမ်းပြမြေပုံတခုအဖြစ်နဲ့ ပြန်ပြီး တင်ပြတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက်ရော၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့အတွက်ရော အများကြီး အဟန့်အတား ဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ရုဒ်မက်တခုအနေနဲ့ ဆွေးနွေးမယ်၊  ကျနော်တို့အတွက် နိုင်ငံရေးအာမချက်ချက် တစုံတခုမှမရှိခင် ဒါကို ဆွေးနွေးပြီးမှ အဖြေရှာမယ်ဆိုတာက ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနည်းမဟုတ်ဘဲနဲ့ အဖြေမရခင်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်နက်ဖျက်သိမ်းစေတဲ့အနေအထားမျိုး ရောက်စေနိုင်တယ်လို့ ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီအတွက် အဲဒီအတွက် ဒီအချက်ကို သမ္မတကြီးတို့၊ ကာချုပ်ကြီးတို့ကနေပြီး အလေးအနက်စဉ်းစားပြီး ပြင်ပေးဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”
“နောက် အရေးကြီးတဲ့အချက်က ကျနော်တို့ လော်ခီးလာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအဖြစ်နဲ့ စတင်သွင်းကတည်းက ကြားကာလအစီအစဉ်ဆိုတာ ပါပါတယ်။ အဲဒါက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကာလမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ နဂိုရပ်တည်ချက်ကို အသိအမှတ်ပြုဖို့ရယ်၊ ကြားကာလမှာ လုပ်ပိုင်ခွင့်ပေးဖို့ရယ်ပဲ ဖြစ်တယ်။ ယနေ့အထိ အစိုးရက ကောင်းမွန်တဲ့ တုံ့ပြန်ချက် မရှိသေးဘူး။ နောက်ပြန်တင်ပြမယ်၊ နောက်ပြန်တင်ပြမယ်၊ ပြန်ယူသွားမယ်ဆိုပြီး ယနေ့အထိ အသေးစိတ်ဆွေးနွေးမှု မလုပ်ဘဲနဲ့ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာ တွေ့ရပါတယ်။ ဒါမဖြစ်သင့်ဘူး၊ မြန်မြန်ဆန်ဆန် သဘောတူစာချုပ် ချုပ်ချင်ရင် ပြဿ     နာကို ကျနော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရွှေ့ဖို့မသင့်ဘူးလို့ ပြောပါတယ်။
ဒေါက်တာ တူးဂျာ
ဒေါက်တာ တူးဂျာ
“၂၀၁၅ ရွေးကောက်ပွဲကို မရှေ့စေချင်ဘူး။ ၅ နှစ်ဆို ၅ နှစ်ပေါ့။ အချိန်ရောက်လာပြီဆိုရင် ဒီရွေးကောက်ပွဲ ကျင်းကိုကျင်းပစေချင်တယ်။ မဟုတ်လို့ရှိရင် လူတွေရဲ့ အမြင်တွေ၊ အထင်တွေ အများကြီး အထင်လွဲမှားသွားနိုင်တယ်။ အစိုးရက အသက်ရှည်စေချင်လို့ဟာမျိုး၊ ဟိုအကြောင်းကြောင့်၊ ဒီအကြောင်းကြောင့် အများကြီး ပြဿ     နာတွေ ရှုပ်လာနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် လုပ်ကြပါ။ လုပ်ကြစေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကိုလည်း အခုလက်ရှိ သမ္မတလက်ထက်မှာ စတင်နိုင်ရင်တော့ ကောင်းတာပေါ့။ သူ့လက်ထက်ကျမှ၊ ဟိုလူ့လက်ထက်ကျမှ ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ လက်ရှိအချိန်အခါမှာ ကျနော်တို့ လုပ်နိုင်ဖို့ အကောင်းဆုံးပဲ။ မလုပ်နိုင်သည့်တိုင်အောင် ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်း စေတနာနဲ့ ပြောတာပါ။”
ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း သမ္မတ အခုလို သဘောမျိုးထုတ်ပြောတာဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ သုံးသပ် ပြောပါတယ်။
ဒေါက်တာ ညိုညိုသင်း
ဒေါက်တာ ညိုညိုသင်း
“ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နောက်အကျဆုံး ၂၀၁၅ ဒီဇင်ဘာမှာ မဖြစ်မနေ လုပ်ရမယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်သလိုဖြစ်နေတယ်။ တကယ်လို့များ အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့၊ မပြင်ဖို့မှာ အရမ်းကြီး အကျိုးသက်ရောက်မှု ရှိနေနိုင်တယ်၊ အများကြီး ဆက်စပ်နိုင်တယ်လို့ သမ္မတက ပြောသလို ဖြစ်နေတယ်။ ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတုန်းက လူထုဆန္ဒခံယူခဲ့တုန်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့၊ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာ တလုံးတပါဒမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာမရှိဘူးလေ။”
By ရွှေအောင် (ဒီဗွီဘီ)

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)