Tuesday, October 20, 2009

သံလွင်ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် NGO များ တောင်းဆို

Monday, 19 October 2009 18:38 သန်းထိုက်ဦး

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းနှင့် ဟတ်ကြီး ရေကာတာ စီမံကိန်းများအား အမြန်ဆုံး ရပ်တန့်ရန် ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့ (NGO) ၅၁ ဖွဲ့က လက်မှတ်ရေးထိုး၍ ထိုင်းအစိုးရထံ ယနေ့ တောင်းဆိုလိုက်သည်။

ရေကာတာ တည်ဆောက်မည့် နေရာများတွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ မတည်ငြိမ်မှုများကြောင့် ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။

“ရေကာတာ တည်ဆောက်မယ့် နေရာက စစ်ဖြစ်တဲ့နေရာ ဖြစ်နေတယ်၊ ဒေသခံ ပြည်သူတွေကလည်း ပါဝင် ပူးပေါင်း ဆောက်ရွက်မှု မရှိဘူး၊ အကယ်၍ ဒီရေကာတာ ဖြစ်လာမယ် ဆိုရင် တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်၊ ဒုက္ခသည်တွေလည်း ပိုပြီး များလာနိုင်တယ်၊ အဲဒါကြောင့် ဒီရေကာတာကို ရပ်တန့်ပေးဖို့ အတွက် တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။

ယင်း NGO ၅၁ ဖွဲ့က ကရင်ပြည်နယ်ရှိ ဟတ်ကြီး၊ ရှမ်းပြည်နယ်ရှိ တာဆန်း ရေကာတာအနီး မြန်မာ့ တပ်မတော်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာခြင်းကို ထောက်ပြထားပြီး ယခုကဲ့သို့ တောင်းဆိုထားခြင်းဖြစ်သည်။

ထိုစီမံကိန်းများက ထိုင်းနိုင်ငံတွင် လျှပ်စစ်စွမ်းအင်များ ရရှိရေးကို အာမခံနိုင်မည် မဟုတ်ကြောင်းကိုလည်း သတိ ပေးထားကြောင်း ၎င်း အဖွဲ့များ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သြဂုတ်လတွင် ထုတ်ဝေသော “ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် တာဆန်းရေကာတာစီမံကိန်းကြောင့် လွန်ခဲ့သော ၁ဝ နှစ်ကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ရေးသားထားသည်။

၎င်းစီမံကိန်း ရေကာတာ ဆောက်လုပ်ရေး နှင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး အတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဟု ဆိုသည်။ ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်လာမည်ဟု အင်္ဂလိပ် နှင့် ထိုင်း နှစ်ဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာတွင် ရေးထားသည်။

ရေကာတာ စီမံကိန်းများအတွက် ၁၉၈၁ ခုနှစ်ကတည်းက ဂျပန်၊ ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ကုမ္ပဏီများ နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

“တာဆန်း(သံလွင်) အမည် တွင်မည့် အဆိုပါ မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ် ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ၂၀၀၅ ခုနှစ်က အာဏာပိုင်တို့ ထုတ်ဝေသည့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု မှတ်တမ်း စာအုပ်တွင် ဖော်ပြထားသည်။

“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု စာအုပ်တွင် ရေးထားသည်။

လျှပ်စစ်ဓာတ်အားကို ၎င်းဒေသအတွင်း အခမဲ့ သုံးစွဲ ခွင့်ပြုကာ ထိုင်းနိုင်ငံသို့လည်း ရောင်းချမည်ဟု ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီတခု နှင့် စစ်အစိုးရတို့ အကြား ၂ဝဝ၆ ခုနှစ် ဧပြီလ အတွင်းက သဘောတူထား ကြသည်။

တာဆန်းရေကာတာသည် ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နှင့်မိုင်းတုံမြို့နယ်ကြားတွင် တည်ရှိပြီး၊ ဟက်ကြီး ရေကာတာကမူ ကရင်ပြည်နယ်အတွင်းရှိ ကရင်မျိုးသားအစည်းအရုံး(KNU)၏ ထိန်းချုပ်နယ်မြေတွင် ရှိသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)