Tuesday, February 16, 2010

နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝခေါင်းဆောင် ပယ်ချပြန်

ပေါက်ပေါက်/၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ(ခေတ်ပြိုင်)
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအား ရှမ်းပြည်မြောက်ပိုင်း၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ယခုလ (၁၄) ရက်တွင် လားရှိုးမြို့၌် တွေ့ဆုံရန် ကမ်းလှမ်းမှုအား ဝတပ်ဖွဲ့က ထပ်မံပယ်ချလိုက်သည်။
ယခုလ (၁၁) ရက်နေ့က နေပြည်တော်၊ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) ရုံးချုပ်မှ ဝတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယခုလ (၁၄) ရက်တွင် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအနေဖြင့် လားရှိုးမြို့သို့ လာရောက်ရန် ကမ်းလှမ်းခဲ့မှုကို ဝတပ်ဖွဲ့က ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “သူတို့ပြောတဲ့နေ့ဟာ တရုတ် နှစ်သစ်ကူးနေ့လည်း ဖြစ်တယ်၊ နောက်တခုက ဥက္ကဋ္ဌက ကျန်းမာရေးလည်း မကောင်းဘူး။ အဲဒါကြောင့် အခုလ (၂ဝ) ရက်နေ့ ပန်ဆန်းကို ဗိုလ်ရဲမြင့် ကိုယ်တိုင်လာဖို့၊ တကယ်လို့ ပန်ဆန်းလာမယ်ဆိုရင် အဆင်သင့် ပြင်ထားမယ်၊ အစစအရာရာ တာဝန်ယူမယ်ဆိုပြီး အကြောင်းပြန်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ဘက်ကတော့ ဘာမှ အကြောင်းမပြန်လာသေးဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဝတပ်ဖွဲ့က ငြင်းဆိုမှုအပေါ် နေပြည်တော်၊ စရဖရုံးချုပ်မှ မကျေမနပ်ဖြစ်သွားခဲ့သည်ဟု အဆိုပါ ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “တရုတ်နှစ်သစ်ကူးက မြန်မာပြည်က ဝတွေနဲ့ ဘာဆိုင်လို့လဲ။ ပေါက်ယူချန်းက လားရှိုးကိုတော့ မလာနိုင်ဘူး။ တရုတ်ပြည်၊ ကူမင်းတော့ သွားနိုင်တယ်ဆိုပြီး စကားနာထိုးသွားတယ်တဲ့။ အမှန်ကတော့ဗျာ တရုတ်နယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းဆိုတော့ စီးပွားရေး၊ လူမှုရေးအရ ဟိုဘက် ဒီဘက် ကူးလူးဆက်ဆံရတာ ရှိတယ်။ နှစ်သစ်ကူးကာလမှာ အပြန်အလှန် လည်ပတ် စားသောက်ကြတာရှိတယ်။ ဒါကြောင့် လာမယ့် (၂ဝ) ရက်နေ့မှ လာဖို့ ချိန်းလိုက်တာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးချင်တယ်ဆိုရင် သူကိုယ်တိုင် လာတွေ့လို့ ရတာပဲ။ ဗိုလ်ရဲမြင့် ပန်ဆန်းကို လာဖူးသေးတာပဲ။ (၃) ည လာအိပ်သွားသေး တာပဲ” ဟု ပြောသည်။
ဇန်နဝါရီ (၅) ရက်နှင့် ယခုလ (၆) ရက်ကလည်း လားရှိုးမြို့သို့ လာရောက်ရန် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းအား ကမ်းလှမ်းခဲ့ပြီး ဝတပ်ဖွဲ့ကမူ ပေါက်ယူချန်း ကျန်းမာရေးမကောင်းသဖြင့် မလာရောက်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။

ဥက္ကဋ္ဌ ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို လာရောက်ရန် ကမ်းလှမ်းနေမှုမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန်မျိုး မဟုတ်တော့ဘဲ အခြားအကြောင်းများလည်း ရှိနိုင်ကြောင်း စစ်ရေးအကဲခတ်တဦးက ခန့်မှန်းသည်။
၎င်းက “ကိုးကန့်အဖွဲ့က ဖုန်ကျားရှင် မိသားစုကို လားရှိုးရဲစခန်းက ဆင့်ခေါ်သလိုမျိုး ဝ ကို သွားလုပ်လို့မရဘူး။ လားရှိုးသွားလိုက်လို့ တကယ်လို့ ပေါက်ယူချန်းကို ဖမ်းထားလိုက်ရင် နအဖ အသာစီးရပြီ။ အမေရိကန်က မူးယစ်ဆေးဝါးကိစ္စနဲ့ ဝရမ်းထုတ်ထားတာလည်း ရှိတော့ အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်ချင်လို့ ထိုးအပ်လိုက်ရင် ဘယ်သူတွေက ကန့်ကွက်ကြမလဲ။ ဟိုတချိန် လိုအပ်နေတုန်းကတော့ ဖုန်းကျားရှင်ကို တိုင်းရင်းသား ခေါင်းဆောင်ဆိုပြီး ကင်ပွန်းတပ်ထားရာ ကနေ မလိုအပ်တော့ မူးယစ်ဆေးဝါး တရားခံပြေးဆိုပြီး တံဆိပ်ကပ်ခဲ့သေးတာပဲ။ အခုအချိန်မှာ တိုင်းရင်းသားခေါင်းဆောင် ဆိုတာမျိုး နအဖက မလိုအပ်လို့လည်း သူတို့အောက်မှာ နယ်ခြားစောင့်တပ် လာလုပ်ခိုင်းနေတာ” ဟု ပြောသည်။

ဝတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ဖိအားပေးပြောဆိုနေပြီး ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်များနှင့် နအဖကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း အဆင်မပြေနိုင်ဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ဝခေါင်းဆောင် ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို ကမ်းလှမ်းနေခြင်းဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)