Saturday, February 12, 2011

ရခိုင်-ကရင် ၃၄ဦး အမြန်ဆုံး လွတ်မြောက်ရေး ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် တောင်းဆို ဆန္ဒပြ

နိရဉ္စရာသတင်းဌာန

2/11/2011 

ထွန်းထွန်း

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးကို အိန္ဒိယအစိုးရမှ အမြန်ဆုံးလွတ်ပေးရန်နှင့် ကုလသမဂ္ဂမှ ဒုက္ခသည် အဖြစ် အမြန်ဆုံး အသိအမှတ်ပြုရန် ရခိုင်ဒီမိုကရေစီ အင်အားစုများမှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ယနေ့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။


Sittwe-seaport-construction
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘာဇားမြို့ရှိ သတင်းထောက်များ အသင်း ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ ခေါင်းဆောင်တဦးဖြစ်သူ ကိုခိုင်စိုးက ဆန္ဒပြပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ (၁) အကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရေး၊ (၂) UHNCR မှဒုက္ခသည်အဖြစ် အမြန်ဆုံး အသိမှတ်ပြုပေးရေး၊ (၃) လုံခြုံတဲ့ နိုင်ငံတခုခုမှာ ခိုလုံခွင့်ပေးရေး စသည်တို့အတွက် တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြနေစဉ် အတွင်း သတင်းယူရန် ရောက်ရှိလာသော သတင်းထောက်များ အပါအ၀င် ရဲထောက်လှမ်ရေးများနှင့် ဒေသခံ အာဏာပိုင်များအား အင်္ဂလိပ်၊ ဘင်္ဂလီစာဖြင့် ပြန်ဆို ရေးသားထားသည့် ၃၄ ဦး လွတ်မြောက်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် စာရွက်စာတမ်းများ ကိုဖြန့် ဝေခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲတွင် ရခိုင်ဒီမိုကရေစီအင်အားစုနှင့် ဘင်္ဂလားဒေ့ခ်ျဒေသခံကျောင်းသား ၃၀ ခန့်ပါဝင် ခဲ့ပြီး အကျဉ်းသား ၃၄ ဦးလွတ်မြောက်ရေးအတွက် အင်တိုက်အားတိုက် ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ ဒေသခံ ရဲသားများက ရဲကားများဖြင့် ရောက်ရှိလာသော်လည်း တစုံတရာ အနှောင့်အယှက် ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို နံနက် ၉ နာရီခွဲက သတင်းထောက်ရုံး အဆောက်အဦးမှ စတင်ပြီး ထိုမှ တဆင့် လမ်းမကြီးအတိုင်း လမ်းလျှောက်ဆန္ဒပြကာ ၁၀ နာရီခွဲတွင်အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲသို့ လူအများအပြားက လာရောက် ကြည့်ရှု့ အားပေးခဲ့ကြသည်။

ရခိုင်-ကရင်တော်လှန်ရေးသမား ၃၄ဦးကို UNHCR က ကာလကတ္တားထောင်ထဲထိ သွားရောက်ပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့မှ ဇန္န၀ါရီလ ၂၅ ရက်နေ့အထိ အင်တာဗျူးများ ပြုလုပ်ခဲ့သော်လည်း အသိအမှတ်ပြု မပြုကို ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသးကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)