Facebook ထဲက
Htoo Paw Karen Kyi ရေးထားတဲ့စာလေးလို ဖေါ်ပြအပ်ပါတယ်။
ဘာမှမလုပ်နိုင်ရင်
ဘာမှမပြောဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကြားရ၊ မြင်ရ သမျှကို
ဆက်လက်မျိုသိပ်ထားရင် ရင်ကွဲပြီး သေနိုင်တဲ့ အနေအထားမှာရောက်လာလို့
ခံစားချက်ကို အန်ထုတ်မိတာ ရိုင်းတယ်ထင်ရင် မတောင်းပန်လိုပါ။ အခုနေများ
ကောက်ကာ ငင်ကာ သေရင် သရဲဖြစ်ပြီး
ငြိမ်းချမ်းရေးအကျိုးဆောင်ဆိုသူတွေရဲ့ဂုတ်ကို လိုက်ဆွဲမိမှာ သေချာသည်။
လူ့ယဉ်ကျေးမှုရဲ့ ဟန်ဆောင်မှု အစဉ်အလာအောက်မှာ လူ့ဂုဏ်သိက္ခာတွေ အားလုံး
အရေခွံခွါထားရသူအဖို့ အမှန်တရားကို ပွင့်လင်းစွ
ာ ထုတ်ဖော်ပြောဆိုမိတာကို အရိုင်းအစိုင်းလို့ ကင်ပွန်းတပ်ခံရလည်း ထိုအမည်ကို ကျေနပ်စွာလက်ခံပါသည်။
ဘယ့်နှယ်- ဘ၀ပေါင်းများစွာ၊ သွေးသားပေါင်းများစွာ၊
အရင်းအနှီးပေါင်းများစွာ နဲ့ မျည်ရည်ပေါင်းများစွာ အရင်းခံပြီးမှ
ဘယ်ကမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေက ကျုပ်တို့ကို
ငြိမ်းချမ်းရေးရအောင် လုပ်ပေးမတဲ့လေ။ နှစ်ပေါင်းများစွာ
မငြိမ်းချမ်းတဲ့ဘ၀မှာ ကျင်လည်ရသူများက စစ်မှန်တဲ့ငြိမ်းချမ်းရေးမဖြစ်မှာ
စိုးရိမ်မိတာကိုပဲ အရိုင်းအစိုင်းတွေက ငြိမ်းချမ်းရေးကို
မလိုလားသူတွေတဲ့လေ။ အဆိုးမြင်ဝါဒီတွေတဲ့လေ။ ဟုတ်ကဲ့။ သေနတ်သံတွေ၊
ဗုံးသံတွေ၊ ငိုကြွေးသံတွေက ဂန္တ၀င်မြောက် ဂီတသံစဉ်လို ငြိမ့်ညောင်းပြီး
ငတ်ပြတ်မှုတွေက နတ်စည်းစိမ်လို တယ်အရသာရှိလှတာကိုး။ ငြိမ်းချမ်းရေးကို
ဘယ်လိုချင်ကြပါ့မလဲ။
နောက်ပြန်မလှည့်တဲ့ ငြိမ်းချမ်းရေး
ဖြစ်ဖို့အတွက် ရှေ့ဆက်ရုံမှတပါး တခြားလမ်းမရှိဘူးတဲ့လေ။ အင်းလေ။
နှစ်ပေါင်း ၆၀ ကျော် လူမျိုးတခုလုံး ကစဥ့်ကလျားဖြစ်ပြီးမှ
နောက်လှည့်ကြည့်ရင်လည်း အရိုးစုတွေ၊ သင်္ချိုင်းတွေပဲ တွေ့ရတော့မှာကိုး။
လှည့်ပြန်ရမှာ ကြောက်နေတာ မဆန်းပါဘူး။ တကယ်တော့ ကျုပ်တို့
လူမျိုးတခုလုံးရဲ့ ဂုဏ်သိက္ခာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ သဘာဝအရင်းအမြစ်တွေက
အဓမ္မကျင့်ခံရပြီးသားပါ။ နောက်လှည့်ခြင်းနဲ့ ရှေ့တိုးခြင်းရဲ့ အကျိုးဆက်က
ဘာမျှ သိပ်မကွာခြားတဲ့အနေအထားမှာ အလယ်က ကန့်လန့် လုပ်တဲ့သူတွေချည်း
အပြစ်တင်ခံရတာ သိပ်တော့မဆန်းလှပါ။ အဓမ္မနည်းနဲ့ဖြစ်ဖြစ်၊
တရားနည်းလမ်းကျဖြစ်ဖြစ်၊ ကြက်ကန်းဆန်အိုးတိုးလို့ပဲဖြစ်ဖြစ်၊
အနိုင်ရသူတွေ သမိုင်းရေးခွင့် ကြုံနေကြလေတော့
ရေးခွင့်ရှိသူတွေရေးကြပါစေဦးပေါ့။ သမိုင်းရေးသူတွေကို ဝေဖန်ရင်
အဆိုးမြင်ဝါဒီ၊ အရိုင်းအစိုင်းအဖြစ် သတ်မှတ်ခံရတဲ့ကာလမှာ လူဖြစ်ရတော့လဲ
ဘာမှမလုပ်နိုင်ခင် ပွဲကြည့်ပရိသတ်လုပ်ရုံပဲပေါ့။
သို့သော်
ကျုပ်ရင်နာပါသည်။ လူ့အဖွဲ့အစည်းတခုလုံး၊ လူမျိုးတခုလုံးရဲ့
ဂုဏ်သိက္ခာကို လူယဉ်ကျေးနာမည်ခံတွေက ငြိမ်းချမ်းရေးနာမည်ဖြင့်
အဓမ္မကျင့်နေကြတာကို လူယဉ်ကျေးဆိုသူအချို့ကလည်း ဘေးနားကနေ လက်ခုပ်၊
လက်ဝါးတီး၍ အားပေးကြတာကို ရင်နာပါသည်။ သို့သော် ရင်နာနာနဲ့ သေသွားလည်း
ဘယ်သူကမှ သိလိုက်မှာမဟုတ်လို့ လျစ်လျူရှုဖို့ကြိုးစားပါဦးမည်။
ခရမ်းကြည်